MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-08-17

Ooredooကလည်း ကျပ် ၁၅၀၀တန် ဆင်းမ်ကတ် ရောင်းမည်

By Kan Gyi

Archived article. This text reflects its original publication date; products, links and information may have changed.
Ooredooကလည်း ကျပ် ၁၅၀၀တန် ဆင်းမ်ကတ် ရောင်းမည်

Ooredoo ကုမ္ပဏီက ဆင်းမ်ကတ်များအား ကျပ် ၁၅၀၀နှုန်းဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၆ရက်နေ့က Park Royal ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် Ooredoo Myanmar၏ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Ross Cormackမှ ပြောကြားခဲ့ပြီး လာမည့် ခြောက်လအတွင်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။

Ooredooမှ ကျပ် ၁၅၀၀တန် ဆင်းမ်ကတ်များကို ကျေးလက်မြို့ရွာများအထိ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်ငါးနှစ်တာ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံး၏ ၈၄ရာခိုင်နှုန်း တိုင်းပြည်လူဦးရေ၏ ၉၇ရာခိုင်နှုန်းထားအထိ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

Ross Cormackက “လာမယ့်ငါးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာစေရပါမယ်။ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်သွားရဦးမယ်။ လုပ်ငန်း အဆင့်ဆင့် အကောင်အထည် ဖော်သွားမှာပါ။ ဒီအတွက် မြန်မာနိုင်ငံက အကောင်းဆုံး အတော်ဆုံး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ခေါ်ယူသွားပါမယ်။ အိုင်စီတီမှာ ကမ္ဘာ့ထိပ်တန်းဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြောကြားသည်။

Ooredoo ကုမ္ပဏီက ၁၅နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လာမည့် ငါးနှစ်တာအတွင်း မြန်မာနိုင်ငံသား ဝန်ထမ်း ၉၉ရာခိုင်နှုန်းဖြင့် လုပ်ငန်းများ လည်ပတ်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင်ချိန်တွင် မြန်မာဝန်ထမ်း ထောင်နှင့်ချီကာ ခေါ်ယူသွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း သောင်းချီဖြစ်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကောင်းဆုံး တယ်လီကွန်း နည်းပညာများကိုပါ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဆိုပါသည်။

“ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရဖို့ ကုမ္ပဏီပေါင်း ၉၂ခုနဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုကြီးတစ်ခု ယှဉ်ပြိုင်ခဲ့ရတယ်။ မြန်မာအစိုးရက တခြားနိုင်ငံတွေကို ခုန်ပျံကျော်လွှားနိုင်ဖို့ တိုက်တွန်းထားတဲ့အတိုင်း စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ကျော်ဖြတ်သွားမှာပါ”ဟု Ross Cormackက ပြောသည်။ Ooredoo ကုမ္ပဏီသည် အသုံးပြုသူပေါင်း ၉၁သန်းကျော်ကို ဝန်ဆောင်မှုပေးနေကြောင်း သိရပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive