MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Review · 2014-06-24

Telenorနှင့် Samsung ပူးပေါင်း

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Telenorနှင့် Samsung ပူးပေါင်း

Telenor အနေဖြင့် ၎င်း၏ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် ကမ္ဘာကျော်မိုဘိုင်းဟန်းဆက် Brand တစ်ခုဖြစ်သည့် Samsungနှင့် ပူးတွဲရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကုမ္ပဏီနှစ်ခုသည် မိုဘိုင်းဟန်းဆက်များနှင့် မိုဘိုင်းဆင်းမ်ကတ်များ တွဲဖက်ရောင်းချရန် နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့ Telenor ရုံးချုပ်၌ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး တယ်လီကွန်းစျေးကွက်ကို ပူးပေါင်ဝန်ဆောင်မှုပေးရန်သဘော တူညီခဲ့သည်ဟု သိရသည်။

တယ်လီကွန်းစျေးကွက်အတွင်း အရောင်းမြှင့်တင်မှု လုပ်ငန်းများကို Telenorနှင့် Samsungတို့ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို စျေးနှုန်း သင့်တင့်စွာဖြင့် ပူးတွဲဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း Telenorက သတင်းထုက်ပြန်ခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့၏ဆင်းမ်ကတ်များကို လူသိများပြားသည့် ဟန်းဆက်များနှင့် တွဲဖက်ရောင်းချကြမည် ဖြစ်သော်လည်း အမှန်တကယ် ဟန်းဆက်စျေးကွက်ကို ဦးဆောင်ရောင်းချသူများမှာ ပြင်ပရှိဟန်းဆက် အရောင်းဆိုင်များသာ ဖြစ်မည်ဟု Telenor၏ CEO ဖြစ်သူက ပြောဆိုခဲ့ဖူးသည်။

Telenor၏အဓိကပြိုင်ဘက်ဖြစ်သည့် Ooredooသည်လည်း Telenor နည်းတူ၎င်းတို့၏ ဆင်းမ်ကတ်များကို ဟန်းဆက်များနှင့် တွဲဖက်ရောင်းချသွားမည်ဟု သိရသည်။

“သုံးစွဲသူ ပြည်သူလူထုထဲမှာ ရေပန်းစားနေတဲ့အပြင် နိုင်ငံတကာမှာလည်း နာမည်ရပြီးသားဖြစ်တဲ့ Brand တွေနဲ့စကားပြော နေပါတယ်။ အနီးကပ်ရင် အသေးစိတ်ကြေညာပေးပါ့မယ်” ဟု Ooredoo၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

Samsungသည် ပြည်တွင်း စျေးကွက်၌ နာမည်ရရှိနေသည့် ကိုရီယားနိုင်ငံအခြေစိုက် ဟန်းဆက် Brand တစ်ခုဖြစ်ပြီး Telenor၏ မိုဘိုင်း ဆင်းမ်ကတ်များနှင့် ပူးတွဲရောင်းချရန် ပထမဦးဆုံး စာချုပ်ချုပ်ဆိုလိုက်သည့် ဟန်းဆက် Brand လည်းဖြစ်သည်။

အော်ပရေတာများသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဟန်းဆက်များနှင့် တွဲဖက်ရောင်းချရာတွင် စျေးနှုန်းနိမ့်သည့် ဟန်းဆက်များမှ စတင်၍စျေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်မြင့်မားသော မော်ဒယ်လ်မြင့် ဟန်းဆက်များလည်း ပါဝင်မည်ဟု သိရသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive