MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Opinion · 2013-11-16

လုပ်ငန်းခွင်မှ လူငယ်များအတွက် အဆင့်မြင့် အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT Myanmar

By Ma Naw Phyu Lay

Archived article. This text reflects its original publication date; products, links and information may have changed.

မြန်မာနိုင်ငံမှာ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းရှိ လူငယ်များ အရည်အသွေး တိုးတက်လာစေဖို့ အလွန်လိုအပ်နေတဲ့အချိန် ဖြစ်ပါသည်။ စာတွေ့လက်တွေ့ နှစ်ရပ်လုံး ကျွမ်းကျင်တတ်မြောက်သူ လူငယ်များ အများအပြား ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ CVT Myanmar သင်တန်းအကြောင်း တင်ပြလိုပါသည်။ CVT ဆိုသည်မှာ Center for Vocational Training  ဖြစ်ပါသည်။ CVT Myanmar သည် Non-Profit Organization ဖြစ်ပါသည်။

CVT သည် လက်ရှိလုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင်နေသူ လူငယ်များ မိမိကိုယ်တိုင် စရိတ်ကျခံရန် မလိုအပ်ဘဲ တက်ရောက်နိုင်သည့် လူငယ်တို့ ရွေးချယ်သည့် သက်ဆိုင်ရာ အသက်မွေး၀မ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုပင် ဖြစ်ပါသည်။ ဤသင်တန်းကျောင်းသည် အလုပ်ခွင်အတွင်း လက်တွေ့လေ့လာမှုနှင့် CVT  တွင် စာတွေလေ့လာမှု သီအိုရီပိုင်းများဖြင့် ပါ၀င်ဖွဲ့စည်းထားပါသည်။ အမှန်တကယ် တက်ရောက်သင့်သူများသည် လက်ရှိအလုပ်ခွင်တွင် တာ၀န်ထမ်းဆောင်သူ အသက် (၁၈ – ၂၂) နှစ်အကြား  ဖြစ်ပါသည်။ သင်တန်းအောင်မြင်ပြီးမြောက်ပါက Junior Profession အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။  လူငယ်များအတွက် စာတွေ့နှင့် လက်တွေ့ကို ပေါင်းစပ်သင်ကြားခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အရည်အချင်းပြည့်၀သော လူငယ်လူရွယ်များ ထွက်ပေါ်လာစေရေးကို ရှေးရှုအကောင်အထည်ဖော်ထားသော သင်တန်း ဖြစ်ပါသည်။

အဆိုပါ သင်တန်းများကို နှစ်စဉ်နှစ်တိုင်း မေလတွင် အတန်းသစ်များကို စတင်ဖွင့်လှစ်နေကြောင်း သတင်းရရှိပါသည်။ သင်တန်းအမျိုးအစားများမှာ စီးပွားရေး ပညာအထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု ပညာသင်တန်း၊ ပရိဘောဂ ပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့် ၀န်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်း ထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ ဖြစ်ပါသည်။ သင်တန်းတက်ရောက်နှစ် ၃ နှစ်ကြာမြင့်မည်ဖြစ်ပြီး ဒီပလိုမာ အောင်လက်မှတ်ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရမည့်အချိန်မှာ တစ်ပတ်လျှင် တစ်ရက် တက်ရမည်။ သုံးနှစ်ဆက်တိုက် တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ရှိ စီမံခန့်ခွဲသူများ၏ သဘောတူညီမှုရှိပြီး ခွင့်ပြုချက် ရှိရပါမည်။ အသက်ကန့်သတ်ချက်ကို လုပ်ငန်းများ လိုအပ်ချက်အရ ညှိနှိုင်းပြီး ၂၅ နှစ်အထိ လျှောက်ထားနိုင်ပါသည်။

သင်တန်းတက်ရောက်လိုသူများသည် တက်ရောက်လိုသည့်ပညာရပ်အလိုက် လက်ရှိလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူ များသာ လျှောက်ထားရန် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းရှိရမည်ဖြစ်ကြောင်းနှင့် ပရိဘောဂပြုလုပ်မှု အတတ်ပညာ သင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တက်လိုသူများသည် ပညာအရည်အချင်း ၈ တန်း အောင်မြင်ရမည်ဖြစ်ပြီး စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု ပညာသင်တန်းတို့နှင့် ဟိုတယ်နှင့် ၀န်ဆောင်မှုဆိုင်ရာ အတတ်ပညာသင်တန်းတို့အတွက် ၁၀ တန်းအထိ ပညာသင်ပြီးသူများ လျှောက်ထားတက်ရောက် နိုင်ကြောင်း သိရပါသည်။၂၀၁၃ – ၁၄ ပညာသင်နှစ်တွင် သင်တန်းသား သင်တန်းသူ ၅၀၀ ခန့် လက်ခံသင်ကြားနေသည်ဟု သိရပါသည်။

cvt

အသက်မွေးမှု ပညာ စာတွေ့လက်တွေ့ သင်တန်းတက်ရောက်ချင်သူများအတွက် ၀င်ခွင့်လျှောက်လွှာများကို နှစ်စဉ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ထုတ်ယူလျှောက်ထားနိုင်ပါသည်။ လျှောက်လွှာထုတ်ယူခြင်း၊ လျှောက်ထားခြင်း၊ သင်တန်းတက်ခြင်း အားလုံးတို့သည် သင်တန်းသားနှင့် လုပ်ငန်းများမှ မည်သည့်စရိတ်မျှကျခံရန် မလိုအပ်ဘဲ အရည်အသွေး ကောင်းမွန်သော အသက်မွေးပညာရေးသင်တန်းများကို CVT Myanmar တွင် ရရှိမည် ဖြစ်ပါသည်။

သင်တန်းတည်နေရာမှာ အမှတ် ၄၂၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံကြက်ခြေနီရုံးအပေါ်ထပ် သုံးလွှာ ဖြစ်ပြီး ဆက်သွယ်ချင်သူများအတွက် ဖုန်းနံပတ် ၃၈၃၆၇၆ နှင့် ၀၉၇၃၁၆၆၂၀၆ တို့ ဖြစ်ပါသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive