MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Opinion · 2012-11-11

မြို့တွင်းမှာ အထပ်မြင့် ကားရပ်နားရာ နေရာများ ဆောက်လုပ်ဖို့ အချိန်တန်ပြီ

By Key

Archived article. This text reflects its original publication date; products, links and information may have changed.
မြို့တွင်းမှာ အထပ်မြင့် ကားရပ်နားရာ နေရာများ ဆောက်လုပ်ဖို့ အချိန်တန်ပြီ

မော်တော်ကားများကို ခေတ်နှင့် တပြေးညီ မှာယူ တင်သွင်းနိုင်လာကြတဲ့ မြန်မာလူမျိုးများ အတွက်ကတော့ နေ့စဉ်တဓူ၀ သွားရေးလာရေးမှာ အဆင်မပြေမှုတွေ၊ မလိုအပ်ပဲ အချိန် ကုန်ဆုံးမှုတွေဟာ အားလုံးပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားရပ် တစ်ခုအဖြစ် ကြားသိ မြင်တွေ့နေရတာပါ။ နိုင်ငံတော် အစိုးရရဲ့ စေတနာတွေကြောင့်လည်း ဘွားခနဲ့ မြို့ပြရဲ့အင်္ဂါကို ပြောင်းလဲပေးလိုက်သည့်အလား ဂုန်းကျော်တံတား တည်ဆောက်မှုများကို မြင်တွေ့နေကြရတော့ ကိုယ့်နိုင်ငံဟာ မနက်ဖြန် သဘက်ခါပဲ ထိုင်းနိုင်ငံလို၊ စင်္ကာပူနိုင်ငံလို ဖြစ်သွားမလားလို့ အိမ်မက်တွေ မက်ပြီး စိတ်စော၊ စိတ်မောကြရတဲ့ နိုင်ငံချစ် တိုင်းချစ် ပြည်ချစ်များလား ရှိနေကြသည် မဟုတ်လား။

တိုင်းပြည်ကိုလည်း ချစ်နေရုံနဲ့ မရပဲ၊ ကိုယ့်၀မ်းစာ ကိုယ်ရှာမှ ရမည့် လက်လုပ်လက်စားများ၊ ၀န်ထမ်းများကလည်း တစ်ဘက်က ယာဉ်ကျော ပိတ်ဆို့မှုတွေကို သူတို့ ကိုယ်တိုင် ဘတ်စ်ကား အကောင်း မစီးနိုင်ရှာသော်လည်း ထိုဒဏ်တွေကို ကားစီးနိုင်ကြသူများနှင့်အတူ ကျပ်ကျပ်တည်းတည်း ခံစားနေကြရတာ အားလုံးမျက်မြင် ကိုယ်တွေ့ မဟုတ်ပါလော။ ဘတ်စ်ကားတွေကို တက္ကစီကားတွေလို အသစ်ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ကတော့ စာရေးသူနှင့် လက်လှမ်းမမှီတဲ့အတွက်ကြောင့် မဆွေးနွေးတော့ပါဘူး။ တိုင်းတပါးကလို စနစ်တကျ ရပ်နိုင်တဲ့ ဘတ်စ်ကားမှတ်တိုင်တွေ၊ အချိန်ဇယား အတိအကျနဲ့ ပြေးဆွဲတဲ့ ဘတ်စ်ကားမှတ်တိုင်တွေ၊ မိန်းကလေးတွေ ဂုဏ်သရေသိက္ခာရှိစွာ စီးနင်းသွားလာနိုင်မည့် ဘတ်စ်ကားမှတ်တိုင်တွေ အကြောင်းလည်း တိုင်းချစ်ပြည်ချစ် ဉာဏ်ကြီးများ ကြိုးစား အကောင်အထည် ဖော်နေသည်ကြားလို့ မတင်ပြချင်တော့ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ်တော့ အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မည့် လမ်းပေါ်ရှိ ယာဉ်များရော၊ လမ်းသွားလမ်းလာများအတွက်ပါ အကျိုးရှိမည့် အရာလေးကို ယခုထက်ထိ မလုပ်ဆောင်နိုင်သေးလို့ အံ့သြမိစွာဖြင့် ရေးသားလိုက်ရပါတယ်။

နိုင်ငံခြား Hollywood, Bollywow, ကိုရီးယားကားမကျန် ရုပ်ရှင်တွေထဲမှာ တွေ့မြင်နေဖူးကြမည့် ဇာတ်ကွက် ဇာတ်လမ်းလေးတွေနဲ့ အစပြုချင်ပါတယ်။
ဆိုကြပါစို့… မင်းသားက အလုပ်လုပ်လို့ အလုပ် ပြုတ်သွားရင် သူ့စားပွဲပေါ်မှာ ရှိတဲ့ သူနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းပြီး စက္ကူဗုံးထဲ ထည့်ကာ အထပ်မြင့်မြင့် ရုံးပေါ်ကနေ ဆင်းပြီး သူ့အိမ်ပြန်ပို့ သူရပ်ထားတဲ့ ကားပါကင်ကို လမ်းလျှောက်သွားရတဲ့ ဇာတ်ကွက်လေး မြင်ကြည့်လိုက်မိသည်ပေါ့။ နောက်ဇာတ်ကွက်ကလေး ထပ်ပြောရမည် ဆိုရင်တော့… အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်တဲ့ ပြိုင်ကားမင်းသားတစ်ယောက်ဟာ မြို့တွင်းက လမ်းတွေမှာ မောင်းနှင်နေရင်း ဘရိတ်ကို တအား ဆွတ်အုပ် လိုက်ရတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သူ့ကားရှေ့မှာ မှန်ဆိုင်က ၀န်ထမ်းနှစ်ယောက်က မှန်အချပ်အကြီးကြီးကို ဆိုင်က နေပြီး ကားပါကင်နေရာကို သယ်ဆောင်သွားရင်းနဲ့ မျဉ်းကြားမှာ လမ်းဖြတ်ကူးနေပုံ ဇာတ်ကွက်လေးပေါ့။

ထိုဇာတ်ကွက်ကလေးတွေကို ပြန်မြင်ကြည့်လိုက်ရုံဖြင့် တိုးတက်နေသော နိုင်ငံများမှာ စနစ်တကျ အလုပ်လုပ်တဲ့ လူကူးမျဉ်းကြားတွေ၊ လမ်းသွားလမ်းလာတွေအတွက် စိတ်ချ လုံခြုံစွာ လျှောက်လှမ်းသွားနိုင်မည့် လူသွားပလပ်ဖောင်း၊ စင်္ကြတွေကို မြင်ယောင်ခံစားမိမှာပါ။ အဲဒီအထဲမှာ အရေးအကြီးဆုံးတစ်ခုကတော့ စာဖတ်သူလည်း စဉ်းစားပြီးပြီ ဖြစ်လောက်တဲ့ ကားရပ်နားရာ နေရာတွေထဲက နည်းလမ်းတစ်ခုဖြစ်တဲ့ အထပ်မြင့် ကားပါကင်ကြီးတွေပါ။ မိမိ စီးပွားရေးကြောင့် ယာဉ်ကျော ပိတ်ဆို့မှု မဖြစ်ပေါ်စေပဲ မှန်ချပ်ကြီးများ၊ ကုန်ပစ္စည်းများကို ကားပါကင်သို့ လမ်းလျှောက်ပြီး ပို့ကြသည်ပါ။

စီးပွားရေး အရမ်းလုပ်တတ်ကြတဲ့ ပြည်တွင်းမှ အရင်းရှင်များ ဒီမော်ဒယ်ကို အသုံးမပြုနိုင်သေးသည်ကတော့ Policy ကြောင့်ပဲလား၊ အသုံးမကျကြတာလား၊ ဆိုတာတော့ မစဉ်းစားတတ်တော့ပါဘူး။ ကားတစ်စီး အကြီးအသေးပေါ် မူတည်ပြီး တစ်နာရီ ၂၀၀နှုန်းနဲ့ ကောက်ခံမည့် ယုဇနပလာဇာလို ကားပါကင်ကြီးတွေ မြို့ထဲရော၊ လမ်းဘေးမှာ ပစ်စလပ်ခတ် ရပ်ထားတဲ့ ကားတွေရှိတဲ့ အနီးအနားတစ်၀ှက်မှာ ဆောက်ကြရုံနဲ့ အကျိုးကျေးဇူး အများကြီး ရှိလာနိုင်ပါတယ်။ အမိန့်တစ်ခု၊ Policy တစ်ခုကတော့ ချမှတ်ဖို့ လိုသည်ပေါ့။ “လမ်းဘေး ကားမရပ်ရ။”
ဘာတွေ ထူးမှာလဲဆိုတော့ – ကားကို အထပ်မြင့် ကားပါကင်မှာ ရပ်နားရမည့်အတွက်ကြောင့် ကားပိုင်ရှင်ရော၊ စီးနင်းလာတဲ့ ခရီးသည်ပါ ကိုယ် သွားချင်တဲ့နေရာကို လမ်းလျှောက်သွားရပါမည်။ ထို့ကြောင့် (၁) လမ်းလျှောက်ရသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး (၂) လျှောက်သွားသည့် လမ်းပေါ်ရှိ မြေညီထပ် ဆိုင်ခန်းများကို သတိထားမိမှာ ဖြစ်ခြင်းကြောင့် အသေးစား လုပ်ငန်းရှင်များအတွက် စီးပွားတိုးနိုင်ခြင်း အစရှိသည်ဖြင့်ပါ။

ဤစာကို ရေးသားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လမ်းဘေးမှာ ကား မရပ်စေချင်တာပါ။ ဘတ်စ်ကားတွေ အကြာကြီး ထိုးထားပြီး ရပ်တန့် မနေစေချင်တာပါ။ စီးပွားရေး သမားများကလည်း လူစည်ကားတဲ့ ရွေှဂုံတိုင်အ၀ိုင်းလို နေရာမျိုးမှာ ကားရပ်ပြီး ကုန်တင် ကုန်ချ မလုပ်စေချင်တာပါ။ အဲဒီ အဓိက ပြဿနာတွေကို ဖြေရှင်းနိုင်မှာက ဂုန်းကျော်တံတား စီမံကိန်းများနှင့်တင် မလုံလောက်ပါဘူး။ အထပ်မြင့် ကားရပ်နားရာ အဆောက်အဦတွေပါ ဆောက်ဖို့ အချိန်တန်ပါပြီ။ စာရေးသူ စဉ်းစားသလောက်တော့ ဆောက်လုပ်ရေး လောကက ကွန်စတရပ်ရှင် သူဌေးတွေ ကူညီနိုင်ပါလိမ့်မည်။ တိုင်းပြည်ချစ်စိတ်နဲ့ လူတိုင်း အလုပ် များများကို အချိန်နှင့် တပြေးညီ လုပ်ဆောင်နိုင်စေရန်၊ မလိုအပ်ပဲ အချိန်မကုန်စေရန် ရည်ရွယ်၍ ရေးသားလိုက်ရပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive