MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Interview · 2014-06-05

Ooredoo Myanmarမှ အမှုဆောင်အရာရှိချုပ် Ross Cormackနှင့် တွေ့ဆုံခြင်း

By Thu Ya

Archived article. This text reflects its original publication date; products, links and information may have changed.
Ooredoo Myanmarမှ အမှုဆောင်အရာရှိချုပ် Ross Cormackနှင့် တွေ့ဆုံခြင်း

Flower News Journalမှ အင်တာဗျူးကို တင်ပြလိုက်ပါတယ်။

YMG – အူရီဒူးကုမ္ပဏီကို ဘာသာရေးပြဿနာအခြေခံနဲ့ အွန်လိုင်းကနေတစ်ဆင့် ဝါဒဖြန့်နေမှုအပေါ်မှာ စျေးကွက်ကို စနစ်တကျ တိုက်ခိုက်နေတယ်လို့ ထင်မြင်ယူဆမှုတွေရှိသလား။ ဘယ်လိုတုံ့ပြန်သွားမလဲ။

Ooredoo – Ooredooမြန်မာဟာ မြန်မာနိုင်ငံတော်အစိုးရက တရားဝင် ဆက်သွယ်ရေးလိုင်စင် ပေးထားပြီးဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရုံးချုပ်ထားရှိပြီး ယခုလက်ရှိ ထူးချွန်တက်ကြွတဲ့ မြန်မာလူမျိုးဝန်ထမ်းပေါင်း ၆ဝဝ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာအစုရှယ်ယာဝင်များပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပါတယ်။ ပြိုင်ဘက်အချင်းချင်း ယှဉ်ပြိုင်ပြီး မြန်မာ ပြည်သူလူထုရဲ့ဘဝတွေ ပိုမိုတိုးတက် မြင့်မားစေရေးအတွက် ဝန်ဆောင်မှုတွေ လူထုအကျိုးပြုလုပ်ငန်းတွေ အပြိုင်အဆိုင် လုပ်ဆောင်ပေးကြမှာမို့ ပြိုင်ဘက်တွေများတာ ကောင်းပါတယ်။ မကြာတော့မယ့် အချိန်အတွင်းမှာ၊ အတိအကျဆိုရင် ဒီနှစ်ရဲ့ တတိယသုံးလပတ်အတွင်းမှာ မိုဘိုင်းအသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ထံ အရောက်ပို့ဆောင်ပေးဖို့ တာစူနေပြီး တစ်ချိန်တည်းမှာပဲ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆက်တိုက် စီစဉ်လုပ်ဆောင်ဖို့ပဲ အမြဲရှေးရှုပါတယ်။ လူတိုင်း သာတူညီမျှ အခွင့်အလမ်းတွေရရှိဖို့နဲ့ လူတစ်ဦးနဲ့တစ်ဦး အပြန်အလှန် တလေးတစားဆက်ဆံရေးတွေရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အမှတ်တံဆိပ်က လူထုကို ဘယ်လိုကောင်းရာကောင်းကျိုးတွေ ယူဆောင်လာပေးတယ်ဆိုတာ လူထုက မျက်မြင်ကိုယ်တွေ့ တွေ့လာရင် အချို့ရဲ့ အမြင်စောင်းနေတာတွေ အလိုအလျောက် ပပျောက်သွားမှာပါ။

YMG – ပုဂ္ဂလိကကုမ္ပဏီတွေ ဆင်းမ်ကတ်တစ်ကတ် ကျပ် ၁၅ဝဝနဲ့ ရောင်းပေးမယ်ဆိုတဲ့အချိန် MPTက အလကားပေးမယ်။ အင်တာနက် လည်းရမယ်ဆိုပြီး ကြေညာခဲ့တယ်။ တကယ်လို့ ဒီလိုမျိုးသာဖြစ်ခဲ့ရင် အူရီဒူးအနေနဲ့ မြန်မာပြည်သူအပေါ် နောက်ထပ်အခွင့်အရေးတွေ ဘာတွေထပ်ပေးနိုင်ဖို့ ရှိမလဲ။

Ooredoo – Ooredoo မြန်မာဟာ မြန်မာပြည်က တိုင်းသူပြည်သားတွေရဲ့ အင်္ကျီအိတ်ကပ်တွေထဲကို အင်တာနက်ရောက်လာအောင် စွမ်းဆောင်နေပါတယ်။ လူထုအတွက် စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ အစီအစဉ်အများအပြား စီစဉ်နေပါတယ်။ အခုလတ်တလောမှာတော့ ဆင်းမ်ကတ်တစ်ကတ်ကို ကျပ် ၁၅ဝဝထက် မပိုပါဘူးလို့ပဲ အသိပေးထားပါရစေ။

ကျွန်တော်တို့ဝန်ဆောင်မှုတွေ စတင်မိတ်ဆက်ချိန်နား နီးလာတဲ့အခါမှာ ပိုပြီးအသိပေးနိုင်ပါလိမ့်မယ်။ အားလုံးအတွက် သူ့ဟာနဲ့သူ တတ်နိုင်တဲ့ အစီအစဉ်တွေဖြစ်အောင် စီစဉ်ထားပါတယ်။ အားလုံးပျော်ကြမှာပါ။

YMG – အူရီဒူးကုမ္ပဏီက ဆက်သွယ်ရေးကုမ္ပဏီအသစ်နဲ့ ဖုန်းခေါ်ဆို စမ်းသပ်အောင်မြင်ခဲ့ပြီလို့ သိရတယ်။ မြန်မာ့ဆက်သွယ်ရေးနဲ့ ဖုန်းခေါ်ဆို စမ်းသပ်ဖို့အခြေအနေက ဘယ်လိုရှိနေပါသလဲ။

Ooredoo – ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူပရိသတ်နဲ့ အခြား ဆက်သွယ်ရေးလုပ်ငန်းများရဲ့ သုံးစွဲသူပရိသတ်အချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်စေရပါမယ်။

YMG – အူရီဒူးကုမ္ပဏီက ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနဲ့အတူ Mobile Health Clinicsအတွက် အင်ဒိုနီးရှား၊ တူနီးရှားနဲ့ အယ်လ်ဂျီးရီးယားအပြင် မြန်မာနိုင်ငံကို လာမယ်လို့သိရတယ်။ မက်ဆီလာမှာနဲ့ ပတ်သက်ပြီး အူရီဒူးကုမ္ပဏီအနေနဲ့ မြန်မာပြည်သူတွေကို ဘာများအသိပေးချင်ပါသလဲ။

Ooredoo – လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ်ကျော် စပိန်နိုင်ငံ ဘာဆီလိုနာမြို့မှာ လီယိုမက်ဆီဖောင်ဒေးရှင်းနဲ့ ဥသမနိသသ တို့ပူးပေါင်းပြီး ဥသမနိသသ ရဲ့ အခြားစျေးကွက်တွေမှာ အောင်အောင်မြင်မြင် လူထုကျန်းမာရေးကို မြႇင့်တင်ပေးနေတဲ့ ရွေ့လျားကျန်းမာရေးဆေးပေးခန်း အစီအစဉ်တွေကို မြန်မာပြည်မှာပါ စတင်မိတ်ဆက်တော့မယ်လို့ လီယိုမက်ဆီကိုယ်တိုင် ကြေညာခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာပြည်က ပြည်သူလူထုထဲကို ဒီအစီအစဉ်အကြောင်း လိုက်လံအသိပေးခဲ့တဲ့ ဗွီဒီယိုအခွေကို မက်ဆီက မီဒီယာကို ပြသခဲ့ပါတယ်။ မက်ဆီကိုဖိတ်ကြားဖို့ ကြိုးစားနေပါတယ်လို့ပဲ ပြောပါရစေ။

YMG – အူရီဒူးကုမ္ပဏီက မြန်မာနိုင်ငံမှာ Myanmar Mobile Moneyဆိုတဲ့ ဝန်ဆောင်မှုလည်း လုပ်ဆောင်မယ်လို့သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

Ooredoo – Ooredoo မြန်မာရဲ့ Mobile Money အစီအစဉ်ဟာ ဘဏ်ငွေစာရင်းမရှိတဲ့ ပြည်သူလူထုအတွက် ရည်ရွယ်ပါတယ်။ သန်းနဲ့ချီနေသော မိုဘိုင်းဖုန်းအသုံးပြုသူ ပရိသတ်အတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီအနေနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ငွေကြေးရေးရာတွေကို ဘဏ်မှာ ငွေစာရင်းရှိစရာမလိုဘဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Mobile Money အစီအစဉ်ဟာ မိုဘိုင်းဖုန်းကတစ်ဆင့် ငွေဖြည့်လို့ရပါမယ်။ ငွေထုတ်ယူလို့လည်း ရပါမယ်။ သုံးစွဲသူတစ်ဦးကနေ တစ်ဦးကို ငွေလွဲရပါမယ်။ ငွေတောင်းခံလွှာတွေကို ငွေချေလို့ရပါမယ်။ မိုဘိုင်းဖုန်းအသုံးပြုတာတွေအတွက် ငွေဖြည့်လို့ရပါမယ်။ ဒီအတွက် CB ဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ CB ဘဏ်ဟာ ငွေစာရင်းတစ်ခုဖွင့်ပြီး ကွန်ရက်ထဲက ငွေကြေးပမာဏကို ဗဟိုဘဏ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာပြီး ထိန်းချုပ်ထားပါမယ်။ CB ဘဏ်အနေနဲ့ ဒီမိုဘိုင်းငွေကြေးအစီအစဉ်မှာ သုံးစွဲသူများရဲ့ ယုံကြည်စိတ်ချမှုနဲ့ တရားဝင်ရှိမှုတွေအတွက်လည်း အာမခံထားပါတယ်။ သုံးစွဲသူများရဲ့ ငွေရေးကြေးရေး လွယ်ကူချောမွေ့ အဆင်ပြေစေရေးအတွက် ကိုယ်စားလှယ် အမြောက်အများလည်း ရှိသွားမှာဖြစ်ပါတယ်။

အသုံးပြုပုံပြုနည်းကိုလည်း လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရန် အညွှန်းများ ပေးသွားမှာဖြစ်ပါတယ်။ လူအများရဲ့ ငွေကြေးဖြစ်တဲ့အတွက် ယုံကြည်စိတ်ချမှုနဲ့ လုံခြုံရေးကို အပြည့်အဝပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ် ၂ဝ၁၄ အတွင်းမှာပဲ ဥသမနိသသ မြန်မာရဲ့ မိုဘိုင်းငွေကြေးအစီအစဉ်ကို စတင်နိုင်ပါလိမ့်မယ်။

YMG – မြန်မာ့ဆက်သွယ်ရေးယှဉ်ပြိုင်မှုမှာ တယ်လီနောကလည်း Competitor တစ်ယောက်ဖြစ်နေတာကြောင့် သူတို့ရဲ့လတ်တလော ပြင်ဆင်လှုပ်ရှားနေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ ပြီးတော့ သူတို့နဲ့ လက်တွဲပူးပေါင်းလုပ်သွားမယ့် အခြေအနေတွေရှိပါသလား။

Ooredoo – မိမိကုမ္ပဏီရဲ့ လုပ်ငန်းစဉ်နဲ့ လက်ရှိအခြေအနေကိုပဲ တင်ပြဖို့ရှိပါတယ်။ အခြားဆက်သွယ်ရေးလုပ်ငန်းများနဲ့ Passive Infra-structure လို့ခေါ်တဲ့ တာဝါတိုင်များ မျှဝေသုံးစွဲရာမှာ လက်တွဲပူးပေါင်းဖို့ ဖြစ်နိုင်ပါတယ်။ မိမိကွန်ရက်နဲ့ အခြားဆက်သွယ်ရေးလုပ်ငန်းရဲ့ ကွန်ရက်နဲ့ အပြန်အလှန် ဆက်သွယ်ခေါ်ဆိုနိုင်ခြင်းမှာလည်း ပူးပေါင်းထားပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive