MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Opinion · 2013-02-25

မြန်မာပြည်မှာ ဆေးလိပ် သောက်ရတာ ပျော်စရာကြီးပါ

By Key

Archived article. This text reflects its original publication date; products, links and information may have changed.
မြန်မာပြည်မှာ ဆေးလိပ် သောက်ရတာ ပျော်စရာကြီးပါ

“ဆေးလိပ် မသောက်ရ” “No Smoking” ဆိုသော ဆိုင်းဘုတ်များကို စာဖတ် ပရိသတ်များ မြင်တွေ့ဖူးကြပေလိမ့်မည်။ ဆေးလိပ်သောက်ခြင်းသည် မကောင်းကြောင်း၊ ရောဂါရစေကြောင်း၊ လူကို သေစေနိုင်ကြောင်း များလည်း ဆေးလိပ် သောက်ဖူးသူတိုင်း ဆေးလိပ်ဘူးများ၏ မျက်နှာပြင်တွင် ဖော်ပြထား သည်ကိုလည်း တွေ့ဖူးကြပေလိမ့်မည်။ ဒါဆို မကောင်းသည့် အဆိပ်ကို ဘာကြောင့် ရှုနေကြသနည်း။ တိုးတက်နေသည့် နိုင်ငံများ၌ အလိပ် (၂၀)ပါ ဆေးလိပ် တစ်ဘူးကို အမေရိကန် (၁၀)ဒေါ်လာအထက်နှင့် ရောင်းချပြီး အခါအားလျော်စွာ ဈေးနှုန်း မြှင့်တင်လေ့ရှိသည်ဟု သိရသည်။ ဈေးနှုန်း လျှော့ချသည်မှာ မရှိဟု ဆိုပါသည်။ ထို့အပြင် ဆေးလိပ် သုံးစွဲခြင်း၏ ဆိုးကျိုးများကိုလည်း ကျန်းမာရေးဌာနမှ ဦးစီး၍ အများပြည်သူ နေ့စဉ်နှင့်အမျှ မြင်တွေ့နိုင်သည့် တီဗီကြော်ငြာများ၊ လမ်းမကြီးပေါ်မှ ဆိုင်းဘုတ်များတွင် ငွေကုန်ကြေးကျခံကာ ၎င်း၏ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာပျော်ရွှင် အသက်ရှည်စေဖို့ လှုံ့ဆော် ပညာပေးကြသည်ဟု ဆိုသည်။

ဤပြည်တွင်း၌ ဆေးလိပ်ကို နေရာတိုင်း၌ တစ်လိပ်ချင်းစီ ဝယ်ယူ သုံးစွဲနိုင် သည်။ ပြည်တွင်းဖြစ် ဆေးလိပ်တစ်ဘူးကိုလည်း မြန်မာကျပ်ငွေ ၇၀၀ အောက်ဖြင့် ရောင်းချလျက်ရှိသည်။ နိုင်ငံခြားမှ သုူ့နည်း သူ့ဟန်နှင့် ရောက်ရှိလာသော ဆေးလိပ်များသည်လည်း ကျပ်ငွေ ၃၀၀၀ (USD 3.5)အောက်သာ ရှိသည်။ တီဗီကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေဖြင့်လည်း ဆေးလိပ်၏ ဆိုးကျိုးများကို လှုံ့ဆော်ခြင်း မတွေ့ရှိရ။

ထိုသို့ဆိုလျှင် ဆေးလိပ်သောက်သုံးသူများအတွက် မြန်မာပြည်ဟာ ပျော်စရာကြီးပါဆိုလျှင် မှားမည် မထင်ပေ။ ဆေးလိပ်သမားများအတွက် ထို့ထက် ပျော်စရာကောင်း သည်မှာက စားသောက်ဆိုင်၊ ရုံးခန်း၊ ဟိုတယ်ခန်းမများတွင်လည်း ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အားပါးတရ ရှုရှိုက်နေနိုင်ခြင်းပင် ဖြစ်သည်။ အဲယားကွန်းအပြည့်နှင့် အေးစက်နေသော ခန်းမကြီးများ၌ လေထွက်ပေါက် မရှိ၊ လေစုတ်ထုတ်ယူသည့် ပန်ကာက အားနည်း၊ တာဝန်ကျ စားပွဲထိုးလေးများကလည်း “No Smoking”ဆိုသည့် ဆိုင်းဘုတ်ကို မညွှန်ပြရဲ သဖြင့် ဆေးလိပ် ကို နှစ်ခြိုက်သူများသည် စိတ်၏ အရသာ၊ကိုယ်၏ အရသာနှင့် ပြည့်စုံပြီး ပျော်စရာကြီး ဖြစ်လို့နေပြန်သည်။

စာရေးသူ ရေးသားချင်သည်ကို အဆုံးသတ်ပေးပါမည်။ ဆေးလိပ် သုံးစွဲသူ အများစုမှာ အခြေအနေ အရပ်ရပ်ကြောင့် ဆေးလိပ်ကို မဖြတ်နိုင်သေးပဲ၊ မြန်မာပြည်လို နိုင်ငံမျိုး၌ ပျော်ရွှင်စွာ သုံးစွဲနေနိုင်သေးသော်လည်း လူ့ဘောင်၏ အရေးကြီးသော ပတ်ဝန်းကျင်ကို ဂရုပြုသင့်သည်။ ပြောမည့်သူ မရှိတိုင်း၊ လွတ်လပ်စွာဖြင့် သုံးစွဲချင် သည့် နေရာတိုင်းမှာ ဘေးပတ်ဝန်းကျင် မည်သူ မည်ဝါ ထိုင်နေသည်ကို သတိမူပြီး သောက်သင့်၊ မသောက်သင့် ချင့်ချိန်သင့် သည်။ ခန်းမများထဲ၌ ကလေးသူငယ်များ၊ ဆေးလိပ်အနံ့ဆိုးကို မခံနိုင်သော အမျိုးသမီးများ ရှိပါက ခန်းမ ပြင်ပသို့ ထို အဆိပ်ဘူးကို သယ်ယူပြီး တစ်ကိုယ်ရေ စိတ်ကျေနပ်မှုကို ရယူသင့်သည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့် ဆေးလိပ်သောက်ခြင်းသည် ဆေးလိပ်ကြိုက်သူများအတွက် အရသာရှိပြီး၊ ပျော်စရာမှန်သော် လည်း ဆေးလိပ်၏ အဆိပ်ငွေ့များသည် မိမိကိုသာမက မိမိပတ်ဝန်းကျင်ကိုလည်း ဆိုးကျိုးပေးနိုင်သည် ဖြစ်ကြောင်း သိထားသင့်ပေသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive