Ooredoo Myanamarမှ 3G ကွန်ရက်ဝန်ဆောင်မှုအတွက် ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်း အသုံးပြုမည်
By Thu Ya

ပြည်တွင်းမိုလ်ဘိုင်းဖုန်း သုံးစွဲသူများသို့ 3G ကွန်ရက်ဝန်ဆောင်မှုကို ပေးရန်ရှိသည့် Ooredoo Myanmar ကုမ္ပဏီသည် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုအတွက် ကိုယ်ပိုင်ဖိုက်ဘာ ဆက်ကြောင်းများကို အသုံးပြုထားကြောင်း အဆိုပါကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင်အချို့မှ စုံစမ်းသိရသည်။
Ooredoo Myanmarသည် ၎င်းတို့ပိုင်ဖိုက်ဘာ ဆက်ကြောင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ယမန်နေ့က တဆင့်ခံအရောင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုကို အသုံးပြုခြင်းကြောင့် မိုလ်ဘိုင်းဖုန်း သုံးစွဲသူများသည် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုနှင့် အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း Ooredoo၏ တဆင့် ခံကိုယ်စားလှယ်အချို့ကပြောသည်။
ထို့အပြင် အဆိုပါကုမ္ပဏီအနေဖြင့် ၎င်းတို့၏ မိုလ်ဘိုင်း ဆင်းမ်ကတ်များနှင့် အင်တာနက်ဝန်ဆောင်မှုကို သုံးစွဲသူများမှ ဝယ်ယူသည့်အခါတွင် တန်းစီစောင့်ဆိုင်းရခြင်းမျိုး မဖြစ်အောင်စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ကာတာကုမ္ပဏီနှင့် အပြိုင်လုပ်ကိုင်မည့် နောဝေနိုင်ငံမှ Telenor Myanmarသည်လည်း အရည်အသွေးပြည့်ဝသည့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုနှင့် မိုလ်ဘိုင်းဖုန်းဆက်သွယ်မှု စနစ်များကို ရောင်းချနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
Originally published by Myanmar ICT · Preserved 23 October 2026 · About this archive
