MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-07-17

အာဇာနည်နေ့နှင့် တိုက်ဆိုင်စွာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် လန်ဒန်ရှိ ဟိုတယ်အခန်းသို့ သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှု

By Kan Gyi

Archived article. This text reflects its original publication date; products, links and information may have changed.
အာဇာနည်နေ့နှင့် တိုက်ဆိုင်စွာ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သည့် လန်ဒန်ရှိ ဟိုတယ်အခန်းသို့ သမ္မတ ဦးသိန်းစိန် သွားရောက် ကြည့်ရှု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့သု့ိ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၉၄၇ခုနှစ်၊ အင်္ဂလန်နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့ The Dorchesterဟိုတယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့သော အခန်းသို့ ဇူလိုင်လ ၁၅ရက်နေ့က သွားရောက် လည်ပတ်ခဲ့ကြောင်း ခရီးစဉ်အတွင်း လိုက်ပါသွားသည့် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။

အဆိုပါ The Dorechester ဟိုတယ်လေ့လာရေး ခရီးစဉ်မှာ ဦးသိန်းစိန်၏ ကြိုတင် မေတ္တာရပ်ခံချက်အရ ဗြိတိန် အစိုးရက စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း တည်းခိုခဲ့ရာ မူလ ဟိုတယ်အခန်းကို ပြုပြင်ထားကြောင်း၊ ယခင် ဗိုလ်ချုပ်တည်းခိုစဉ် ကာလကအတိုင်း မကျန်ရှိသော်လည်း ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့က မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းထားကြောင်းနှင့် ဟိုတယ်ကို ပြန်လည်မွမ်းမံထားတော့ အခန်းအနေအထား ဖွဲ့စည်းပုံ ပြောင်းနေပေမယ့် အဲဒါက ဟိုတုန်းက ဗိုလ်ချုပ်နေခဲ့တဲ့ နေရာပါ”ဟု ဦးရဲထွဋ်က ပြောကြားပါသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဗိုလ်ချုပ်အောင်ဆန်း၏ ခရီးစဉ်အတွင်း ရိုက်ကူးထားသည့် မှတ်တမ်း ဓာတ်ပုံများကို မြန်မာပြည်သူများ လေ့လာနိုင်ရန် မြန်မာနိုင်ငံတွင် လာရောက် ပြသနိုင်ရေးအတွက် ကမ်းလှမ်း ဖိတ်ခေါ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားပါသည်။ လန်ဒန်ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် နေရာသို့ သွားရောက်ခြင်းမှာ အင်မတန် ထူးခြားသည့် အလှည့်အပြောင်း တစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်၏ သမိုင်းကို ချိုးနှိမ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ပြီး ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် နေရာသို့ သွားရောက်ခြင်းမှာ သမ္မတဦးသိန်းစိန် အနေနှင့် ပြုပြင်ပြောင်းလဲရေး၌ အလေးထားသည်ကို ဖော်ပြရာ ရောက်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်ဟု သိရသည်။ “သမ္မတကြီးက အာဇာနည်နေ့ အစဉ်အလာကို နားလည်ပြီးတော့ အာဇာနည်တွေကို ဘယ်လို ဂုဏ်ပြုရမယ်ဆိုတာ သိတဲ့ ခေတ်သစ်မြန်မာ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်ပါ”ဟု ၎င်းက ဆိုပါသည်။

ထို့အပြင် ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဥသြဆွဲမည့် အစီအစဉ်ကို ပြည်သူ့ဆန္ဒအလေးထားသည့် သမ္မတကြီးက အဆုံးအဖြတ်ပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဟိုတယ်အခန်းသည် လွတ်လပ်ရေး ကြိုးပမ်းမှု ခရီးစဉ်အတွင်း မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း မည်သို့ မည်ပုံ တွေးတော်ခဲ့သည်ကို ပြန်လည် အောက်မေ့နိုင်မည့် ဗိုလ်ချုပ်၏ အငွေ့အသက်များ ကျန်ရှိရာ သမိုင်းဝင် အခန်းတစ်ခန်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးကလည်း ဆိုသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်းဟိုတယ်အချို့တွင်လည်း အမေရိကန် သမ္မတအိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ လာရောက် လည်ပတ်စဉ် တည်းခိုနေထိုင်သည့် အခန်းများကိုလည်း အမှတ်တရအဖြစ် အထူး ထိန်းသိမ်းထားကြောင်း ယင်းဟိုတယ်များထံမှ သိရပါသည်။
Ref : The Voice Weekly


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive