MYANMAR'S TECHNOLOGY JOURNAL · THE HISTORICAL COLLECTIONPRINT & DIGITAL · PRESERVED ONLINE
Original Myanmar ICT Journal sealMYANMAR ICTTHE JOURNAL & WEB ARCHIVE
ORIGINAL PAGES.
ENDURING STORIES.A historical archive. No new journal issues.
← Back to articles
Articles · 2013-10-26

သီလဝါစီမံကိန်း ပထမအဆင့်တွင် လုပ်သား ငါးသိန်းခေါ်မည်

By TZO

Archived article. This text reflects its original publication date; products, links and information may have changed.
သီလဝါစီမံကိန်း ပထမအဆင့်တွင် လုပ်သား ငါးသိန်းခေါ်မည်

သီလ၀ါအထူးစီးပွားရေးဇုန် ပထမစီမံကိန်းအကောင်အထည်ဖော်ဆောင်ရာတွင် လုပ်သားငါးသိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများပေးသွားမည် ဖြစ်ကြောင်းသီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ မှသိရသည်။

အဆိုပါသီလဝါ အထူးစီပွားရေးဇုန် ပထမစီမံကိန်းအားယခုနှစ် နို၀င်ဘာလအတွင်း စတင်အကောင်အထည် ဖေါ်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် အခြေခံနှင့်ပညာရှင် အဆင့်လုပ်သားများခေါ် ယူသွားမည်ဖြစ်ကာ ပြည်တွင်း လုပ်သားများကိုဦးစားပေး ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန် စီမံကိန်းစီမံ ခန့်ခွဲမှု ကော်မတီအဖွဲ့၀င် ဒေါ်မီမီအောင်ကပြောသည်။

ဒေါ်မီမီအောင်က”သီလဝါ အထူးစီးပွားရေးဇုန် ပထမစီမံကိန်းကို လာမဲ့ နို၀င်ဘာနဲ့ ဒီဇင်ဘာလကြား မှာစတင် အကောင်အထည် ဖေါ်နိုင်ဖို့အတွက် အခြေခံအဆောက်အအုံပိုင်း ဖြစ်တဲ့ လမ်းတံတား၊ လျှပ်စစ်၊ ရေစနစ် တွေကိုစတင်ဆောင်ရွက် သွားမှာပါ။ စီမံကိန်းဖေါ်ဆောင်ရေးကာလမှာ အခြေခံအဆင့်ပန်းရန်လက်သမားကနေ ကျွမ်းကျင်အဆင့်လုပ်သား၊ မန်နေဂျာအဆင့်လုပ်သား စုစုပေါင်းလုပ်သားငါးသိန်းကို အလုပ်အကိုင်တွေ ပေးသွားမှာပါ”ဟုပြောသည်။

ဒေသခံများ အလုပ်အကိုင်ရရှိရေးအတွက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့်ဆောက်လုပ်ရေး သင်တန်းကျောင်း တို့ပူးပေါင်းကာ အသက်မွေး၀မ်းကျောင်း သင်တန်းများပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အလုပ်သက်သေခံကတ်ပြားများ ထုတ်ပေးသွားမည် ဖြစ်ကာယင်းကတ်ပြားရှိသူများသည် သီလဝါအထူးစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် မိမိကျွမ်းကျင်ရာနေရာ အလိုက်၀င်ရောက် လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သီလဝါအထူးစီပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတွဲဖက် အတွင်းရေးမှုး ဒေါက်တာသန်းသန်းသွယ် ပြောသည်။

ဒေါက်တာသန်းသန်းသွယ်က”ဒေသခံရွာသားတွေ အနေနဲ့လယ်ပဲလုပ်တတ်တယ်ဆိုရင် စီမံကိန်းဖေါ်ဆောင်တဲ့ အခါအလုပ်ကိုင်အခွင့်အလမ်းတွေရအောင် ဆောက်လုပ်ရေးသင်တန်းကျောင်းနဲ့ပူးပေါင်းပြီး ပန်းရံ၊ လက်သမားသင်တန်းတွေ၊ ကားကြီးမောင်းသင်တန်းတွေ အပြင်တခြားစီမံကိန်းနဲ့ ကိုက်ညီမဲ့ အလုပ်သင်တန်းတွေကို ပေးသွားမှာပါ။ အမျိုးသမီးတွေ အတွက်အသေးစားလုပ်ငန်း တွေဖြစ်တဲ့ ဖယောင်းတိုင်လုပ်တဲ့ပညာ၊ ဆပ်ပြာလုပ်တဲ့ပညာ၊ စက်ချုပ်ပညာ တွေသင်ပေးသွားမှာပါ”ဟုပြောသည်။

ယင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ဦးညွန့်မောင် က”ဒီစီမံကိန်းဖေါ်ဆောင်တဲ့ လုပ်ငန်းခွင်တွေ မှာအလုပ်လုပ်ခွင့်ရအောင် သင်တန်းပေးပြီးအလုပ်တွေ ပေးမယ်ဆိုရင် တော့ကောင်းတာပေါ့။ ဒါပေမဲ့ သူတိုပေးတဲ့ လုပ်အားခနဲ့ကျွန်တော်တို့ လုပ်ရတဲ့အလုပ်နဲ့ မညီမျှဘူးဆိုရင်တော့ ပြဿနာတွေ ဆက်ရှိလာနိုင်တယ်” ဟုဆိုသည်။


Originally published by Myanmar ICT · Preserved 23 October 2026 · About this archive